Sunday, November 1, 2009

ကျီးမနိုးပွဲညအတွက် ဟင်းလျာ

အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါရှင်။ ကျွန်မ စာမေးပွဲလည်း ဖြေပြီးပါပြီ၊ အောင်စာရင်းတော့ မထွက် သေးတော့ အောင်၊ မအောင်တော့ မသိသေးပါဘူးနော်။ ဒီကြားထဲ အလုပ်များတာကတစ်ကြောင်း၊ ကျော်နေ ခွနေတဲ့လင့်ခ်ကလည်း အခြေအနေမပေးတာနဲ့ ဘလော့ဂ်ကို ခပ်ခွာခွာနေရသလိုဖြစ်ခဲ့ပါတယ်နော်။
ကျီးမနိုးပွဲ (သူခိုးကြီးည)လို့လည်း လူသိများကြတဲ့ညမှာ တောရွာတွေမှာတော့ ကာလသားတစ်သိုက် အပျော် အနေနဲ့ တစ်ယောက်အိမ်က ပစ္စည်းကို တစ်ယောက်မသိအောင် ၀ှက်ကြ၊ နေရာရွှေ့ကြ လုပ်တတ်ကြပါတယ်။
တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ညမှာ ကျီးမနိုးပွဲကို အပျော်သဘောနဲ့ ကာလသား၊ ကာလသမီးတွေ အုပ်စုလေးတွေဖွဲ့ပြီး လုပ်တတ်လေ့ရှိပါတယ်။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် သူ့အဖွဲ့နဲ့ သူချက်ကြ ပြုတ်ကြနဲ့ ပြီးတော့ လိုက်ပြီး ဝေငှစားသောက်ကြရတာ ပျော်စရာပါ။
အဲ့ဒီနေ့ညမှာ သူငယ်ချင်းများနဲ့ စုပြီး ချက်ပြုတ်စားသောက်နိုင်ဖို့ ဟင်းလျာလေးတွေ မျှဝေပေးလိုက်ပါ တယ်နော်။ ချက်မယ့်ဟင်းလျာတွေကတော့ ကြက်သားကာလသမီးချက်၊ ငါးဖယ်ကြက်သွန်နီကြော်၊ ဆီးဖြူသီး ထောင်း၊ မဲဇလီဖူးသုပ်၊ ပေါက်ပန်းဖြူရွက်သုပ်၊ ဟင်းခါးနဲ့ အချိုပွဲအဖြစ် အုန်းစိမ်းဆွမ်းမွှေးပင်ပွား ကျောက်ကျောတို့ပါနော်။


ကြက်သားကာလသမီးချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သား၊ ဗူးသီး၊ ငရုတ်သီးအပုပွတောင့်၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအနည်းငယ်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ နနွင်းနဲ့ ဆီတို့ပါနော်။ (ကာလသမီးချက်မှာက စပါးလင်နဲ့ ငရုတ်သီးစိမ်း ထည့်ပါတယ်)
ကြက်သားကို ရှေးဦးစွာ သန့်စင်အောင် ဆေးကြောပြီး ဆားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ နှံ့အောင် နယ်ပေးထားပါ။ ဗူးသီးကို အခွံနွှာ၊ ရေဆေးပြီး လက်နှစ်လုံးအရွယ်လေး တွေ လှီးပေး ထားပါ။ စပါးလင်ကို ရေဆေး၊ ပါးပါးလှီးပြီး ညက်အောင်ထောင်းပါ။ ငရုတ်သီးအပုပွတောင့်ကို ကပ်ကျေးနဲ့ညှပ်၊ အစေ့ထုပ်ပြီးပြီး ရေနွေးနဲ့ သေချာဆေးပြီး ထောင်းပါ။ ပြီးလျှင် ငရုတ်သီးထောင်းထဲသို့ ချင်း၊ ကြက်သွန်ဖြူ၊ နီ တို့ကို အခွံနွှာ ရေဆေးပြီး ထည့်ထောင်းပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်အနည်းငယ် ထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်စပါးလင်တို့ကို ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ကြက်သားတွေကို ထည့်ပြီး အားလုံးသမအောင်မွှေပြီး အဖုံးအုပ်ပေးထားပါ။ ကြက်သားထဲက ထွက်လာတဲ့ရေနဲ့ ကြက်သားကို လုံးသလိုဖြစ်သွားပါမယ်။ ဟင်းအိုးဖျစ်ဖျစ်မြည်လာပြီဆိုရင် ရေထပ်ထည့်ပြီး တည်ပါ။ (မိမိသုံးထားတဲ့ ကြက်သား အမျိုးအစားပေါ်မူတည်ပြီး ရေထည့်တဲ့ပမာဏကွာနိုင်ပါတယ်။ မြန်မာကြက်ဆိုရင်တော့ နူးအောင် အတော်လေး အချိန်ယူပြီးတည်ရပါတယ်။ မွေးမြူရေးကြက်ဆိုရင်တော့ ရေအများကြီးထည့်ဖို့ မလိုပါဘူးနော်)။ ဒုတိယတစ်ရေ ခမ်းပြီဆိုရင်တော့ ဗူးသီးထည့်ပြီး သမအောင်မွှေ၊ အဖုံးအုပ်ပြီး ဆက်တည်ပေးပါ။ ဗူးသီးနူးလောက်ပြီဆိုရင်တော့ အပေါ့အငန်မြည်းပြီး လိုတဲ့အရသာထပ်ဖြည့်ပါ။ အရသာကြိုက်ပြီဆိုရင် တော့ ငရုတ်သီးစိမ်းလေးတွေကို
ဓားပြားရိုက်ပြီး ဟင်းအိုးထဲထည့်ခပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ စပါးလင်၊ ငရုတ်သီးစိမ်းနံ့သင်းသင်းလေးနဲ့ အရသာရှိလှတဲ့ ကြက်သားကာလသမီးချက်လေး ရပါပြီနော်။
ငါးဖယ်ကြက်သွန်နီကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးဖယ် ၃၀ ဆယ်ကျပ်သား၊ ကြက်သွန်နီ ၁၀ကျပ်သား၊ ဆားအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ချင်း၊ ကြက်သွန်ဖြူနဲ့ ဆီ တို့ပါနော်။
ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာ ရေဆေးထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပေးထားပါ။ ငရုတ်ဆုံထဲသို့ ချင်းကို အရင်ထည့်ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူကိုထည့်ထောင်းပြီး မညက်တညက်အချိန်မှာ ငါးဖယ်၊ ဆားအနည်းငယ်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ကိုထည့်ထောင်းပါ။ ငါးဖယ်ထောင်းလို့ စေးပိုင်လာပြီဆို ရင်တော့ ငါးဖယ်မကိုင်မီ လက်ကို ရေစင်အောင်ဆေး၊ ခြောက်အောင်သုပ်ပြီးတော့မှ လက်ကို ဆီဆွတ်လိုက်ပါ။ ပြီးရင် ဘေးနားမှာ ဇလုံသေးလေး တစ်ခုနဲ့ ရေအနည်းငယ်ထည့်ပေးထားပါ။ ပန်းကန်ပြားတစ်ချပ်ထဲသို့ငါးဖယ် များကို ထည့်ပြီး လှီးထားတဲ့ကြက်သွန်နီများနဲ့ ရောနယ်ပေးပါ။ အားလုံးသမပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ အရွယ်အစားအတိုင်း အ၀ိုင်းပြားလေးတွေ ပြားပေးပါ။ (ငါးဖယ်ကိုင်တဲ့အခါ လက်မှာ စေးကပ်သွားတတ်တဲ့ အတွက် ငါးဖယ်ဝိုင်းရ မခက်ရလေအောင် ရေဇလုံလေးထဲက ရေကို ဆွတ်ဆွတ်ပြီး ၀ိုင်းပေးပါနော်။)

ငါးဖယ်တွေ အားလုံး ရပြီဆိုရင်တော့ မီးဖိုပေါ် ဆီအိုးတင်၊ ဆီထည့်၊ ဆီကျက်ပြီဆိုတာနဲ့ ငါးဖယ်တွေ ထည့် ကြော်ပါ။ ငါးဖယ်ကြော်နေတဲ့အချိန်မှာ မီးကို အသင့်အတင့်နဲ့ပဲ ထားပြီးကြော်ပေးပါနော်။ နောက်မဟုတ်ရင်
အပြင်ကတူးပြီး အထဲက မကျက်ဘဲ နေမှာစိုးလို့ပါနော်။ မီးကို သတိထားပြီး ငါးဖယ်များကို ကြော်ပေးပါ။ တစ်ဘက်တည်း နီရဲလာအောင် မစောင့်ဘဲနဲ့ အကျက်ညီအောင် မကြာခဏ ဟိုဘက်ဒီဘက်လှန်ပေးပါနော်။ ကြက်သွန်နီပါတဲ့အတွက် ကြက်သွန်နီတွေ အရမ်းမတူးအောင်လည်း သတိထားရတာမို့ ကြော်တဲ့အခါ မီး အတိုးအလျော့ကို အရမ်းဂရုစိုက်ပြီး ကြော်ပေးပါနော်။ ငါးဖယ်ကြော်လေးတွေ ရွှေအိုရောင်ပြောင်းလာပြီ ဆိုရင်တော့ ဒယ်အိုးထဲကနေဆယ်ယူပြီး ဇကာထဲ ထည့်စစ်ထားပေးပါနော်။ ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ပြောင်းထည့်လိုက်ပါနော်။ ကြက်သွန်နီပါတဲ့အတွက် အနံ့ရော အရသာပါ လေးလေးပင်ပင် ရှိတဲ့အပြင် ငါးဖယ်ချည်းသပ်သပ်ကြော်သလို မာမနေဘဲ စားရတာ အလွန်အရသာ ရှိလှပါတယ်။ ထမင်းဖြူ လေးနဲ့ပဲ စားစား၊ ဟင်းခါးပူပူ ဒါမှမဟုတ် ရေနွေးကြမ်းလေးနဲ့ပဲဖြစ်ဖြစ်၊ အစ်ကိုမောင်တို့အကြိုက် ဘီယာလေး နဲ့ပဲ ဖြစ်ဖြစ် အလွန်လိုက်ဖက်လှပါတယ်နော်။
ဆီးဖြူသီးထောင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆီးဖြူသီး နို့ဆီတစ်ဗူး၊ ငရုတ်သီးစိမ်း လက်ဆစ်ဆုပ် (အစပ်စားနိုင်သလောက်ထည့်ပါ)၊ ကြက်သွန်ဖြူ အမြွှာကြီး ၁၀ မွှာ၊ မြေပဲနဲ့ နှမ်း အနည်းငယ်စီ (မကြိုက်လို့ မထည့်ရင်လည်းရပါတယ်)၊ ပုစွန်ခြောက်အနည်းငယ်၊ (သတ်သတ်လွတ်ထောင်းစားချင်ရင် မထည့်ပါနဲ့)၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။
ဆီးဖြူသီးတွေကို သန့်စင်အောင် ရေဆေးပြီး ဓားထက်ထက်နဲ့ ထက်ခြမ်းခွဲပြီး အထဲက အစေ့ကို ထုတ်ပစ်ပါ။ ငရုတ်သီးစိမ်းများကို ရေဆေး၊ အညှာချွေပေးထားပါ။ ကြက်သွန်ဖြူကို အခွံနွှာ၊ ရေဆေးပေးထားပါ။ မြေပဲနဲ့ နှမ်း တို့ကို လှော်ပေးထားပါ။ ဆီးဖြူသီးများကို အိုးတစ်လုံးထဲထည့်ပြီး အသီးများမြုပ်အောင်ရေထည့်ပြီး ပြုတ်ပေးပါ။ ပွက်ပွက်ဆူလာပါက ပထမရည်ကို သွန်ပစ်လိုက်ပါ။ (အရမ်းဖန်တဲ့ဓာတ်တွေ ထွက်သွားရအောင်လို့ပါ။) ပြီးရင် ရေအနည်းငယ်ထည့်ပြီး ရေခမ်းပြုတ်ပေးပါ။ ရေခမ်းပြီဆိုရင်တော့ ဆီးဖြူသီးတွေကို ပန်းကန်တစ်ချပ်ထဲ ထည့် ပေးထားပါ။ ငရုတ်သီးစိမ်းများကိုလည်း အိုးကင်းပူလှိမ့်နိုင်သလို ပြုတ်လိုက်လည်း ဖြစ်ပါတယ်။

အားလုံးအသင့် ဖြစ်ရင် ငရုတ်ဆုံထဲကို ပုစွန်ခြောက်ကို အရင်ထောင်းပါမယ်။ ပုစွန်ခြောက်ပြီးရင် ကြက်သွန်ဖြူ ထည့်ပါ။ ပြီးရင် မြေပဲနဲ့ နှမ်းလှော်တို့ကိုထည့်ထောင်းပါ။ သူတို့ မညက်တညက် ဖြစ်လာပြီဆိုရင် ငရုတ်သီး စိမ်း၊ ဆီးဖြူသီးတို့ကိုထည့်ပြီး ထောင်းပါ။ အရသာအတွက် ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ကို ထည့်ပြီး အားလုံးသမအောင် ထောင်းပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချိုချဉ်ဖန်စပ်လေးနဲ့ ဆီးဖြူသီးထောင်းလေး ရပါပြီ နော်။ ကြာကြာအထားခံရအောင် ဆီးဖြူသီးထောင်းအပေါ်မှာ ပဲဆီမွှေးမွှေးလေး ဆမ်းလိုက်ပါနော်။ ဆီပြန်ဟင်း များနဲ့ လိုက်ဖက်လှတဲ့ ဆီးဖြူးသီးထောင်းလေးပါနော်။

မဲဇလီဖူးသုပ်အတွက် လိုအပ်တဲ့ပစ္စည်းများကတော့ မဲဇလီဖူး၊ ပုစွန်ခြောက်၊ မြေပဲ၊ နှမ်း၊ ကြက်သွန်နီ၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်
မယ်ဇလီဖူးကို ခူးပြီးတဲ့အခါ သန့်စင်အောင် ရေနဲ့ ဆေးကြောပေးပါ။ ပြီးတော့မှ မီးဖိုပေါ်မှာ အိုးတစ်လုံးတင်၊ ရေတစ်ဝက်သာသာလောက်ထည့်၊ ပြီးရင် မယ်ဇလီဖူးတွေထည့်ပြီး ပြုတ်ပါ။ ပထမတစ်ရည် ပွက်ပွက်ဆူလာရင် အဲ့ဒီရေတွေကို သွန်ပစ်ပြီးတော့မှ နောက်တစ်ရေ ထပ်ထည့်ပြီး ထပ်တည်ပေးပါ။ သုံးကြိမ်မြောက် ရေလဲပြီးတဲ့ အခါကျရင်တော့ မယ်ဇလီအဖူးတွေကို နူးအောင် ပြုတ်ပေးပါ။ (ခါးတာကြိုက်ရင်တော့ ၂ ကြိမ်မြောက်ရေလဲ ပြီးတဲ့ အခါနူးအောင်ပြုတ်လို့ရပါပြီ)။
မယ်ဇလီဖူးပြုတ်ထားတဲ့ အချိန်မှာ ကြက်သွန်နီကို အခွံနွှာ၊ အလုံးလိုက်ရေဆေး၊ ထက်ခြမ်းခြမ်း ပါးပါးလှီးပေး ထား ပါ။ မြေပဲနဲ့ နှမ်းကို လှော်ပေးထားပါ။ မယ်ဇလီဖူးပြုတ် နူးပြီဆိုရင်တော့ ရေတွေငှဲ့ပစ်ပြီး မယ်ဇလီဖူးတွေ ကို ဇကာနဲ့ ရေစစ်ပေးထားပါ။ ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊
ပြီးတော့ ကြက်သွန်နီတွေ ထည့်ပြီး မီးအသင့်အတင့်နဲ့ ကြော်ပါ။ တဖြည်းဖြည်း မွှေနေရင်းနဲ့ ကြက်သွန်လေး တွေ ရွှေဝါရောင် ပြောင်းပြီဆိုရင် မီးဖိုပေါ်ကနေ ဒယ်အိုးချပြီး ကြက်သွန်နီဖတ်လေးတွေကို အမြန်ဆယ်ယူပါ။ ဆီကိုတော့ ဒယ်အိုးထဲမှာပဲ အအေးခံလိုက်ပါနော်။ ပုစွန်ခြောက်ကို မညက်တညက်ထောင်းပါ။ ပြီးရင် မြေပဲနဲ့ နှမ်းကိုလည်း မညက်တညက်လေးတွေ ဖြစ်အောင်ထောင်းပေးပါ။ မယ်ဇလီဖူးလေးတွေကိုလည်း ငရုတ်ဆုံထဲ
ထည့်ပြီး ကြေသွားအောင် နည်းနည်းထောင်းလိုက်ပါ။ (ညက်စရာမလိုပါဘူး) အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို မယ်ဇလီဖူး၊ ပုစွန်ခြောက်မှုန့်၊ မြေပဲ၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ကြက်သွန်နီဆီချက်တို့ကို ထည့်ပြီး အားလုံးသမအောင် ရောနယ်ပေးပါ။ ပြီးရင် အပေါ့အငံမြည်းပြီး လိုအပ်တဲ့အရသာထပ်ဖြည့်ပါ။ (အစပ် ကြိုက်ရင်တော့ ငရုတ်သီးစိမ်းလေးတွေပါ ပါးပါး လှီးထည့်ပြီး ရောသုပ်ပေးပါနော်) အမှန်တကယ်တော့ ဆေးပေါင်းခတဲ့ည (တန်ဆောင်မုန်းလပြည့်ည) မှာ စားကြတဲ့အသုပ်လေးပါနော်။ ခါးဆိမ့်သက် အရသာလေးနဲ့ မယ်ဇလီဖူးသုပ်လေးပေါ့။
ပေါက်ပန်းဖြူရွက်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းများကတော့ ပေါက်ပန်းဖြူရွက်၊ ခရမ်းချဉ်သီးတစ်လုံး၊ ဆီချက်၊ ပုစွန်ခြောက်မှုန့်အနည်းငယ်၊ မြေပဲလှော်နှင့် နှမ်းလှော်ထောင်း၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ် တို့ပါနော်။
ပေါက်ပန်းဖြူရွက်များကို ရေနွေးပွက်ပွက်ဆူထဲတွင် ထည့်ပြုတ်ပေးပါ။ အရွက်ပြုတ်ထားတဲ့အချိန်မှာ အိုးအဖုံး မအုပ်ပါနဲ့။ ပြီးရင် အရွက်တွေကို ဆယ်ယူပြီးတော့ ရေအေးအေးနဲ့ ဆေး၊ အရည်တွေ စင်အောင်ညှစ်ပြီး
ခပ်ပါးပါးလေးတွေရအောင် လှီးပေးပါ။ ခရမ်းချဉ်သီးကိုပါးပါးလှီးပေးပါ။ ဆီချက်နဲ့ အခြားအဆာပလာများ ကတော့ အသင့်ရှိပြီးသားမို့ မပြောတော့ဘူးနော်။
အားလုံးအသင့်ဖြစ်ရင် ဇလုံတစ်လုံးထဲကို ပါဝင်ပစ္စည်းအကုန်ထည့်ပြီး နှံ့အောင်နယ်ပေးပါ။ အရသာ အဆိမ့်ကို ကြိုက်နှစ်သက်သူတွေအတွက် မြူရွက်သုပ်လေးနဲ့ တူလှပါတယ်။ အချဉ်အရသာပါမှ ကြိုက်မယ် ဆိုရင်တော့
ရှောက်ရည် သို့မဟုတ် သံပုရာရည်လေးထည့်ပြီး သုပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ မြူရွက်သုပ် အလွမ်းပြေ ပေါက်ပန်းဖြူရွက်သုပ်လေး ရပါပြီနော်။
ဟင်းခါးအတွက်ကတော့ ကြက်ရိုးလေးရယ်၊ ငါးဖယ်လုံးအနည်းငယ်ကို ဟင်းရည်တည်ပါတယ်။ ဟင်းရည် ပွက်ပွက်ဆူလာရင် ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်း ထောင်းထည့်ပြီး တည်ပေးပါ။ ဟင်းရည်အိုး နည်းနည်း ကျလာပြီဆိုရင် ပဲပြားလိပ်လေးရယ်၊ ကြာဇံလေးအနည်းငယ်ရယ်၊ ဂေါ်ဖီဖတ် အနည်းငယ်ရယ် ထည့်လိုက် ရုံပါပဲနော်။ ပွက်ပွက်ဆူပြီဆိုရင် အပေါ့အငံအရသာမြည်း၊ လိုတဲ့အရသာကို ထပ်ဖြည့်ပြီး ဟင်းအိုးချလိုက်ရုံ ပါပဲနော်။ လွယ်လည်းလွယ်တယ်၊ သောက်လို့လည်းကောင်းတဲ့ဟင်းခါးလေးပါနော်။
အချိုပွဲအတွက်ကတော့ လုပ်ရတာလည်းလွယ်ကူပြီး စားလို့လည်းကောင်းမယ့် ဆွမ်းမွှေး အုန်းစိမ်း ပင်ပွား ကျောက်ကျောလေး လုပ်စားကြရအောင်နော်။
လိုအပ်တာတွေကတော့ ဆွမ်းမွှေးရွက်၊ ပင်ပွား၊ အုန်းစိမ်း၊ သကြား၊ ဆားအနည်းငယ်နဲ့ ကျောက်ကျောမှုန့်တို့ ပါနော်။ လူရိုင်းခေါင်းတံဆိပ် 25 ဂရမ်ကျောက်ကျောတစ်ထုပ်ဆိုရင် ထမင်းစားဇွန်း ၃ ဇွန်းနဲ့ ညီမျှပါတယ်။
အဲ့ဒီကျောက်ကျောတစ်ထုပ်ဆိုရင် သကြား ၂၅ ကျပ်သားနဲ့ ရေတစ်လီတာခွဲသုံးရပါမယ်။
ဆွမ်းမွှေးရွက် (pandan leaf) ၅ ရွက်ကို ပါးပါးလှီး၊ ကြိတ်ပြီးတော့ ရလာတဲ့အရည်ကို ညှစ်ယူပေးထားပါ။ ပင်ပွားတွေကို ရေစိမ်ပေးထားပါ။ သကြားနဲ့ ရေလီတာဝက်ကို အရင်ရောကျိုပြီး ရေစစ်နဲ့ စစ်ပေးလိုက်ရင်
သကြားထဲမှာ ပါလာတတ်တဲ့ အမှိုက်သရိုက်တွေကို သန့်စင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ပြီးတော့မှ အိုတစ်လုံး ထဲကို ကျောက်ကျောမှုန့်ရယ်၊ သကြားရည်ရယ်၊ အုန်းစိမ်းရည် တစ်လီတာရယ်၊ ဆားအနည်းငယ်တို့ကို ထည့်ပြီးကျိုပါ။ ကျိုရင်းနဲ့ ပွက်လာပြီဆိုရင် ဆွမ်းမွှေးရွက် အရည်ကိုထည့်ပါ။ ပြီးတော့မှ ပင်ပွားတွေကိုထည့် ကျိုပါ။ ကျောက်ကျောခဲဖို့ အသင့်ဖြစ်၊ မဖြစ်သိရအောင်လို့ ပန်းကန်တစ်ချက်ထဲကို ကျောက်ကျောအနည်းငယ် ထည့်ပြီး အအေးခံကြည့်ပါ။ ခဲလောက်ပြီဆိုတာနဲ့ ဗန်းထဲ ဒါမှမဟုတ် ပုံစံခွက်လေးထဲကို လောင်းထည့်ပေးပါ နော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဆွမ်းမွှေးအုန်းစိမ်းပင်ပွားကျောက်ကျောလေး ရပါပြီနော်။
ကျီးမနိုးပွဲညမှာ ချစ်မောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။

Tuesday, October 6, 2009

ခွင့်ပန်ခြင်း

မောင်နှမများအားလုံး မင်္ဂလာပါရှင်။
စာမေးပွဲနှင့် အလုပ်ကိစ္စများအတွက် ဒီကနေ့စပြီး ခွင့်ယူပါတယ်နော်။
ပြန်ရောက်တာနဲ့ ဘလော့ဂ်ကို ပြန်လာပါ့မယ်နော်။
မီးဖိုဆောင်လေးကို ၀ိုင်းတော်သားများနဲ့အတူ ၀ိုင်းဝန်းစောင့်ရှောက်ပေးကြပါနော်။
ဒီကြားထဲ more..ကိုနှိပ်မရရင် သည်းခံပါနော်။ မအားလို့ ဖြေးဖြေးပြင်ပါရစေ။
ပြန်လာရင် ဟင်းအသစ်ချက်ကျွေးပါမယ်နော်။
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေနော်။

Sunday, October 4, 2009

ပြည်ကြီးငါးကျောက်ပွင့်ရခိုင်သုပ်နှင့် မြင်းခွာရွက်ဟင်းခါး

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့ အိမ်သစ်ဖွင့်ပွဲလေးအနေနဲ့ ကျွန်မရဲ့ မောင်နှမများကို ပြည်ကြီးငါးကျောက်ပွင့်သုပ်နဲ့ မြင်းခွာရွက်ဟင်းခါးလေး ကျွေးပါမယ်နော်။
ပြည်ကြီးငါးကျောက်ပွင့်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး၊ ကျောက်ပွင့်၊ ကြွက်နားရွက် မှိုခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်း၊ ငပိစိမ်းစား၊ မရမ်းပြား၊ နံနံပင်နဲ့ ဟင်းခတ် မှုန့်အနည်းငယ်တို့ပါနော်။
ပြည်ကြီးငါးကို သန့်စင်အောင် ဆေးကြောပြီးရင် ဆားလေးနဲ့ နယ်ပေးထားပါ။ ကြက်နားရွက်မှိုကို ရေနွေးပွက်ပွက်ဆူထည့် ထည့်စိမ်ပြီး ပွလာအောင်ရော၊ သန့်ရှင်းသွားအောင်ရော လုပ်ပေးပါ။ ကျောက်ပွင့် (ရေခဲမှို) ကိုလည်း ရေနွေးပွက်ပွက်ဆူထဲ ထည့်စိမ်ပါ။ (ကြွက်နားရွက်မှိုနဲ့ ရေခဲမှိုကို ရေအေးနဲ့ စိမ်လည်း ရပါတယ်။ အခုက အသုပ်ထဲ ထည့်သုပ်မှာဆိုတော့ ရေနွေးပွက်ပွက်ဆူနဲ့ စိမ်လိုက်ရင် မှိုတွေပွအား ကောင်းလာသလို ကျက်ပြီးသားလည်း ဖြစ်သွားတာပေါ့နော်)။ မှိုတွေ ပွလာပြီဆိုရင်တော့ ကြွက်နားရွက်မှိုကို ခပ်ပါးပါးလှီး၊ ရေခဲမှိုကိုလည်း ခပ်သေးသေးအဖတ်လေးတွေရအောင် ဖဲ့ယူထားပါ။ ကြက်သွန်ဖြူနီတို့ကို အခွံသင်၊ ရေဆေးပြီး ကြက်သွန်နီကို ပါးပါးလှီးပြီး မွှန်တာတွေ ကင်းစင်သွားအောင် ရေနဲ့ ဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းကို မညက်တညက်လေး ထောင်းပေးထားပါ။ ငရုတ်သီးစိမ်းအနည်းငယ်ကိုလည်း မီးသင်းပြီး ထောင်းပေးထားပါ။ ငရုတ်သီးညက်ပြီဆိုရင် မရမ်းပြားလေးတွေပါ ထည့်ထောင်းပေးပါနော်။ နံနံပင်ကိုလည်း သန့်ရှင်းရေးလုပ်ပြီး လှီးပေးထားပါ။ သံပရာသီးစိတ်လေးတွေလည်း အသင့် လုပ်ပေးထားပါ။ ငပိစိမ်းစားလေးကိုလည်း မီးကင်ပေးထားပါနော်။
ပြည်ကြီးငါးကို အနံ့မနံအောင်လုပ်ဖို့ကတော့ မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ရေနွေးပွက်နေအောင် တည်ပါ။ ရေနွေးပွက်ပွက်ဆူပြီဆိုရင် ရေနွေးထဲကို သံပုရာရည်အနည်းငယ် ညှစ်ထည့်လိုက်ပါ။ ပြီးရင် ပြည်ကြီးငါးတွေကို ထည့်လိုက်ပြီး ခဏအဖုံးအုပ်ပြီး တည်ပေးပါ။ ပွက်ပွက်ဆူတာနဲ့ ပြည်ကြီးငါးဖတ်တွေကို ပြန်ဆယ်ယူလိုက်ပါ နော်။ အဲ့ဒါဆို ညှီနံ့မနံတော့သလို ပြည်ကြီးငါးတွေကလည်း ပျော့အိမနေဘဲ ၀ါးရတာ ထုတ်ထုတ်လေးနဲ့ စားလို့ကောင်းမှာနော်။ ရလာတဲ့ ပြည်ကြီးငါးတွေကို ခပ်ပါးပါးလှီးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို ပြည်ကြီးငါး၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှို၊ ကြက်သွန်နီ၊ ငရုတ်သီးမရမ်းပြားထောင်း၊ ကြက်သွန်ဖြူငရုတ်ကောင်းထောင်း၊ ငါးပိစိမ်းစား၊ နံနံပင်နဲ့ ဟင်းခတ်မှုန့် အနည်း ငယ်တို့ထည့်ပြီး အားလုံးသမအောင် နယ်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ပြည်ကြီးငါး ကျောက်ပွင့်ရခိုင်သုပ်လေး ရပါပြီနော်။
အရည်သောက်အနေနဲ့ကတော့ ဆေးဖက်ဝင်လှတဲ့ မြင်းခွာရွက်ဟင်းခါးလေးပါနော်။ လိုအပ်တဲ့ပစ္စည်းတွေ ကတော့ မြင်းခွာရွက်၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ငံပြာရည်၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ် တို့ပါနော်။
မြင်းခွာရွက်ကို သန့်စင်အောင် ဆေးကြောထားပြီး ၃ လက်မအရှည်အရွယ်လေးတွေ ဖြတ်ပေးထားပါ။ ပုစွန် ခြောက်နဲ့ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပေးထားပါ။ ဒန်အိုးတစ်လုံးထဲ ရေအသင့်အတင့်ထည့်ပါ။ ပြီးရင် ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ပုစွန်ခြောက်နဲ့ ကြက်သွန်ဖြူထောင်းထားတာကို ထည့်ပြီးတော့ မီးဖိုပေါ်တည်ပေးပါ။ ပွက်ပွက်ဆူလာပြီဆိုရင် ဟင်းရည်ကျအောင် ခဏစောင့်တည်ပေး၊ ပြီးရင် မြင်းခွာရွက်ကို ခပ်လိုက်ပြီး ပွက်ပွက်ဆူအောင် ထပ်တည်ပေးပါ။ ဆူပြီဆိုတာနဲ့ အပေါ့အငံမြည်း၊ ငရုတ် ကောင်းမှုန့်လေးခပ်ပြီး ဟင်းအိုးကို မီးဖိုပေါ်က ချလိုက်ပါနော်။ မဟုတ်ရင် မြင်းခွာရွက်ထဲက အစိမ်းရောင် အရည်တွေထွက်ပြီး ဟင်းခါး မည်းသွားမှာစိုးလို့ပါနော်။
မြင်းခွာရွက်မှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဆေးဘက်ဝင်အာနိသင်တွေကိုလည်း မောင်နှမများ အတွက် မျှဝေလိုက်ပါတယ်နော်။
မြင်းခွာရွက်တွင် ကယ်လ်စီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီတို့ ပါဝင်၏။ မြင်းခွာရွက်ကို အစိမ်းအတိုင်းဖြစ်စေ၊ သုပ်၍ဖြစ်စေ စားသုံးကြသကဲ့သို့ ချက်နည်းအသွယ်သွယ်နှင့်လည်း ချက်ပြုတ်စား သောက်ကြ၏။ မြင်းခွာရွက်ကို အစိမ်းအတိုင်းစားသုံးပါက ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းပေးထားနိုင်၏။ ဖျော်ရည် လုပ်သောက်ပါက ကျန်းမာရေးအတွက် အားတိုးဆေးတစ်လက် ဖြစ်စေသကဲ့သို့ သွေးတိုးရောဂါကိုလည်း ပျောက်ကင်းစေနိုင်၏။
မြင်းခွာရွက်ကို စားသုံးခြင်းဖြင့် သွေးသန့်စင်ခြင်း၊ အနာများကို အကျက်မြန်စေခြင်း၊ စိတ်မတည်မငြိမ်ဖြစ်မှုကို သက်သာစေခြင်း၊ မျက်လုံး အမြင်အာရုံကောင်းမွန်စေခြင်း၊ မှတ်ဥာဏ်တိုးတက်ကောင်းမွန်စေခြင်း၊ အရေပြား တွင် အရေးအကြောင်းများမထင်စေဘဲ ပျိုမြစ်နုနယ်စေခြင်း၊ အဆစ်အမြစ် ကိုက်ခဲမှုကို သက်သာစေခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်း ကိုယ်ခံအား မြင့်တက်စေခြင်း၊ ဒဏ်ရာအနာများကို အကျက်မြန်စေခြင်း၊ စိတ်ပူပန်မှုကို လျော့နည်းစေခြင်း အစရှိသည့် ကောင်းကျိုးများရနိုင်၏။ ထို့အပြင် မြင်းခွာရွက်ကို အနာကြီးရောဂါသည်များ ရောဂါသက်သာပျောက်ကင်းစေရန် အတွက်လည်း အသုံးပြု၏။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက မြင်းခွာရွက်ကို အသည်းရောဂါဒေ၀နာရှင်များ၊ ကာလသားရောဂါ ဝေဒနာရှင်များ၊ အစာအိမ်ရောင်နာ ဝေဒနာရှင်များ၊ စိတ်ကျရောဂါဒေ၀နာရှင်များ၊ စိတ်ဖိစီးနေသည့် ဝေဒနာရှင်များ၊ ၀မ်းလျှောရောဂါဝေဒနာရှင်များနှင့် အဖျားရောဂါဒေ၀နာရှင်များကို ကုသပေးသည့်အခါ အသုံးပြုခဲ့ကြ၏။ ယနေ့ခေတ်တွင် မြင်းခွာရွက်ကို ခြေထောက်ရှိသွေးကြောများ သွေးလည်ပတ်မှု နှေးကွေးခြင်း ကို ခံစားနေရသည့် ဝေဒနာရှင်များအတွက်လည်းကောင်း၊ မီးလောင်နာနှင့် အနာများ အမြန်သက်သာ ပျောက်ကင်းစေလိုသည့် အခါတွင်လည်းကောင်း အသုံးပြုလာကြိ၏။။
မြင်းခွာရွက်ကို တစ်နေ့လျှင် အနည်းဆုံး နှစ်ရွက် စားသုံးပေးပါက အဆစ်အမြစ်နာရောဂါ ဖြစ်ခြင်းမှ သက်သာ ပျောက်ကင်းစေနိုင်သည်ဆို၏။ ခြေထောက်တွင် သွေးလည်ပတ်မှု နှေးကွေးသည့် ရောဂါဒေ၀နာရှင်များ အတွက်မူ မြင်းခွာရွက် ၃၀ မှ ၆၀ မီလီဂရမ်ကို တစ်နေ့လျှင် သုံးကြိမ်စားသုံးသင့်သည်ဆို၏။
ဒီအချက်အလက်လေးတွေကတော့ အင်တာနက်ကရတဲ့ အချက်အလက်များရယ်၊ The Food Pharmacy ဆိုတဲ့ စာအုပ်ထဲကအချက်အလက်တွေရယ် စုပြီး ရေးထားတာ ဖြစ်ပါတယ်နော်။
ချစ်သော မောင်နှမများအားလုံး အဆင်ပြေတဲ့အခါ ပြည်ကြီးငါးကျောက်ပွင့်ရခိုင်သုပ်လေး သုပ်စားကြည့်ပါ ဦးနော်။

Thursday, September 24, 2009

အသွင်ပြောင်းအသုပ်နှင့် ဒန့်သလွန်ရွက်ဟင်းခါး


အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါရှင်။ ကျွန်မ မောင်နှမတွေဆီကို မအားလပ်လို့ မလာနိုင် သေးကြောင်း ခွင့်ပန်ထားပေမယ့် အစားကောင်းစားရတော့ ချစ်တဲ့သူတွေကို သတိရတယ်ဆိုသလိုပဲ ကျွန်မ လည်း မုန့်ဖတ်သုပ် သုပ်စားနေတော့ မောင်နှမတွေကို ကျွေးချင်တဲ့ဆန္ဒလေးက ဖြစ်လာပြန်ပါတယ်နော်။
ကျွန်မတို့အိမ်ရှင်မတွေ မီးဖိုချောင်မှာ ဟင်းချက်လို့ တစ်ခါတလေ ဟင်းတွေ မကုန်ဘူး၊ နောက်ရက် ကျရင်လည်း အဲ့ဒီဟင်းတွေကို မစားချင်တော့ဘူးဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အတွေးရ ကြပ်တတ်ပါတယ်။ လွှင့်ပစ်လိုက်ရအောင်လည်း ချက်ထားပြုတ်ထားတာတွေ နှမြောစရာ၊ စားချင်သေးလားဆိုတော့လည်း မစား ချင်၊ အဲ့ဒီတော့ အလေအလွင့်လည်း မဖြစ်ရအောင်၊ အပြောင်းအလဲလေးအဖြစ်လည်း စားနိုင်အောင်လို့ စီစဉ် ရပါတယ်နော်။ ကျွန်မ ဒီနေ့ အိမ်ကနေ ငါးခူကို အသားလေးတွေချည်းလွှာပြီးတော့ စပါးလင်၊ ကြက်သွန်နီဥ လေးတွေနဲ့ ငါးမွှေချက်လေးလို ချက်ပါတယ်နော်။ ဟင်းတွေက အများကြီးထည့်လာတော့ ညနေဘက် အချိန်ပို ဆင်းတဲ့အခါ ဗိုက်ဆာလာတော့ အဲ့ဒီဟင်းကို မစားချင်တော့ဘူးလေနော်။ ဆီချက်နဲ့ အခြားလိုအပ်တာတွေ အကုန်လုံးလည်း ကျွန်မမှာ အသင့်ရှိနေတော့ အသွင်ပြောင်းတဲ့အနေနဲ့ မုန့်ဖတ်သုပ်စားမယ်လို့ စီစဉ်လိုက် တယ်နော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန့်ဖတ်၊ ငါးမွှေချက် (လက်ကျန်ရှင်းမယ့်ဟာ)၊ ကြက်သွန်နီ၊ နံနံပင်၊ ဆီချက်၊ ပဲမှုန့်အကျက်၊ ငရုတ်သီးမှုန့်အကျက်၊ ငံပြာရည်၊ မန်ကျည်းသီးမှည့်အနှစ်၊ ဟင်းခတ်မှုန့် အနည်းငယ် တို့ပါနော်။

မုန့်ဖတ်သုပ်ဖို့အတွက် ဇလုံကြီးကြီးတစ်ခုထဲကို မုန့်ဖတ်ထည့်၊ ကြက်သွန်နီကို မထူမပါးလေး လှီးပြီး ထည့်၊ ပြီးတော့ မန်ကျည်းရည်ပျစ်ပျစ်လေး ဖျော်ထားတာလေးထည့်၊ ငံပြာရည်၊ ထမင်းချိုင့်ထဲက ကျန်တဲ့ ငါးမွှေ ချက်တွေကိုထည့်၊ နံနံပင်၊ ငရုတ်သီးအကျက်မှုန့်၊ ပဲမှုန့်အကျက်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ဆီချက်တွေ ထည့်ပြီး အားလုံးသမအောင် နယ်ပါတယ်။ အရသာကိုတော့ ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်လေးပေါ့နော်။ ထမင်းဖြူ ပူပူလေးနဲ့ စားရင်တော့ အရမ်းကိုကောင်းတဲ့ မုန့်ဖတ်သုပ်လေးပေါ့နော်။

ဟင်းခါးအတွက်ကတော့ ဒန့်သလွန်ရွက်၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
ဒန့်သလွန်ရွက်တွေကို ရေဆေးပြီးတော့မှ အရွက်လေးတွေကို သင်ပေးထားပါ။ ကြက်သွန်ဖြူကို အခွံနွှာပြီး ငရုတ်ကောင်းစေ့နဲ့ မညက်တညက်လေး ထောင်းပေးထားပါ။ ပုစွန်ခြောက်ကိုလည်း မညက်တညက် လေး ထောင်းပေးထားပါနော်။

အိုးတစ်လုံးထဲ ရေအနေတော်ထည့်၊ ပုစွန်ခြောက်၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်း ငယ်တို့ ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ဟင်းရည် ပွက်ပွက်ဆူပါက ထောင်းတားတဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်းတို့ကိုထည့်ပြီး ဟင်းရည်ကျအောင် နည်းနည်းကြာကြာတည်ပေးပါ။ ဟင်းရည်လည်း ကျပြီ၊ ငရုတ် ကောင်းကြက်သွန်ဖြူနံ့လေး သင်းလာပြီဆိုရင်တော့ ဒန့်သလွန်ရွက်လေးတွေ ဟင်းရည်အိုးထဲ ထည့်လိုက်ပါ နော်။ ပြီးရင် ပွက်ပွက်ဆူအောင် တည်ပေးပါ။ ပွက်ပွက်ဆူပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်း ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။

အဲ့ဒါဆိုရင်တော့ အိမ်ရှင်မများအတွက် ငွေချွေတာရာလည်း ရောက်တဲ့အပြင် အရသာလည်း ရှိလှတဲ့ အသွင်ပြောင်းထားတဲ့ ချဉ်ငံစပ်မုန့်ဖတ်သုပ်လေးရယ်၊ ဒန့်သလွန်ရွက် ဟင်းခါးပူပူလေး ရပါပြီနော်။ ရုံးမှာ အချိန်ပိုဆင်းရင်း အဆာပြေစားဖို့ လုပ်ရင်း တင်လိုက်တဲ့ပို့စ်လေးပါနော်။ မောင်နှမများလည်း အတူလာစား လှည့်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

- ကြက်သားဆီပြန်ဟင်း ချက်ထားပြီး ကျန်ရင် အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ လုပ်စားလို့ ရသလို၊ နန်းကြီး၊ နန်းပြားသုပ်၊ ခေါက်ဆွဲသုပ် လုပ်စားလို့ ရပါတယ်။

- ငါးဟင်း၊ ပုစွန်ဟင်းကို ဆီပြန်ဟင်းတစ်ရက်ချက်စားပြီးလို့ နောက်ရက်မစားချင်ရင် ချဉ်ရည်ဟင်းအဖြစ် အသွင်ပြောင်းနိုင်ပါတယ်။

- ၀က်သားဟင်းလေး ချက်ထားတာ ကျန်ခဲ့ရင်တော့ ခရမ်းသီးနှပ်၊ ချဉ်ပေါင်၊ မျှစ်၊ ရုံးပတီသီးတို့နဲ့အတူ ရောနှပ်၊ ဗုံလုံသီးနှပ်၊ အစရှိသဖြင့် အသွင်ပြောင်းဟင်းလျာများ ချက်စားနိုင်ပါတယ်နော်။

Tuesday, September 22, 2009

ကျွန်မနှင့် ကြက်သွန်ဖြူနီဆီချက်ကြော်


အားလုံးသော မောင်နှမများ မင်္ဂလာပါရှင်။ ကျွန်မ ကျန်းမာရေးမကောင်းတာရော၊ အလုပ်ကလည်း များ နေတာမို့ ဘလော့ဂ်ဘက် ခြေဦးမလှည့်ဖြစ်တာ ကြာပါပြီ။ ကျွန်မ နေမကောင်းစဉ် ကျွန်မကို ၀ိုင်းဝန်း ဂရုစိုက် အားပေးကြတဲ့ မောင်နှမများကို အထူးပဲ ကျေးဇူးတင်ပါတယ်နော်။ အခုလည်း ကျန်းမာရေးက အရှင်းကြီးတော့ မကောင်းသေးပါဘူး။ ဒါပေမယ့် ကျွန်မ မောင်နှမတွေကို ပစ်ထားသလို ဖြစ်နေတော့ ခဏပြန်လာခဲ့ပါတယ်။ ဒါပြီးရင်တော့ ကျွန်မဘ၀အတွက် အရေးကြီးတဲ့ စာမေးပွဲတွေ ဖြေစရာရှိတယ်၊ စာအုပ်လေးတွေ ထုတ်ဝေစရာ ရှိတာမို့ အောက်တိုဘာလလယ်လောက်မှ ပြန်လာခွင့်ပြုပါနော်။ တစ်ခါတည်း ခွင့်ပန်ပါတယ်နော်။

ဟင်းပွဲတွေလည်း အသစ်မတင်တာလည်းကြာပြီဆိုတော့ ဘာဟင်းတင်ရမလဲ စဉ်းစားမိတာအကြိမ်ပေါင်း မနည်းပါဘူး။ ဟင်းတွေလည်း ချက်ထားတာတော့ အားကြီးပဲ၊ ဒါပေမယ့် အားလုံးလည်း စိတ်ဝင်စားမယ့် ထင်တဲ့ ပို့စ်လေးတစ်ခုကို ကျွန်မ တင်ပေးပါမယ်နော်။

ကျွန်မဘ၀မှာ စစချင်းချက်တဲ့ ဟင်းက ဘာဟင်းလဲဆိုတာကို သိချင်မှာပဲနော်။ ကျွန်မသူငယ်ချင်း မိတ်ဆွေ များကလည်း ကျွန်မကို အဲ့ဒီမေးခွန်းလေး ခဏခဏ မေးဖူးကြတယ်။ ကျွန်မဘ၀မှာ စစချင်း အစအဆုံး ကိုယ်တိုင်ချက်ဖူးတာကတော့ ``ဆီချက်´´ လို့ခေါ်တဲ့ ကြက်သွန်နီကြော်ပါပဲ။

အဲ့ဒီတုန်းက ကျွန်မ ၇ တန်းပေါ့။ နွေရာသီကျောင်းပိတ်တော့ မော်လမြိုင်ကနေ ရန်ကုန်မှာရှိတဲ့ အမေတို့ဆီ အလည်လာခဲ့ပါတယ်။ အမေက အဲ့ဒီနေ့က မိသားစုတွေ စုံလို့ အစုံသုပ် သုပ်စားမယ်လို့ ပြောတယ်။ ကျွန်မက သမီး ကြက်သွန်နီဆီချက်ကြော်မယ်လို့ ပြောပြီး တာဝန်ယူလိုက်တယ်။ စိတ်ထဲမှာလည်း ဆီချက်ကြော်တာများ ဘာခက်လို့လဲ၊ အိမ်မှာ အကြီးအေး ကြော်နေတာ အမြဲ ၀ိုင်းကူပေးနေကျပဲ၊ အလွယ်ဆုံး ဆီချက်ပဲကြော် လိုက်မယ်လို့ တွေးခဲ့မိတယ်။

ကြက်သွန်နီကြော်ဖို့ ကြက်သွန်နီအရွယ်တော် အလုံးလေးတွေကို အခွံနွှာ၊ အလုံးလိုက် ရေဆေး၊ ပြီးတော့ ခပ်ပါးပါးလှီးတာပေါ့။ ပါးပါးလှီးတာကတော့ ဘယ်ခက်လိမ့်မလဲ၊ ငယ်ကတည်းက အိုးပုပ်တမ်းကစား လာတာ ရှိသမျှ အရွက်တွေ အကုန် ပါးပါးလှီးတတ်တယ်။ အရမ်းကို တက်ကြွနေတော့ ကြက်သွန်နီလှီးလို့ မျက်လုံးစပ် မှာကိုလည်း မကြောက်တော့ဘူး။ အဘွားက လှမ်းသတိပေးတယ်၊ သမီးလေး ကြက်သွန်အခိုး မျက်လုံးကို ရိုက်မယ်နော်လို့ ပြောလည်းပြော၊ ဆားခွက်လေးလည်း လာချပေးတယ်။ အဲ့ဒါနဲ့ပဲ ကြက်သွန်နီကို မငိုဘဲ အဲလေ မျက်ရည်မကျဘဲ လှီးနိုင်ခဲ့တယ်။ ပြီးတော့ မီးဖိုကလည်း သူများတွေ သုံးနေတာ မအားသေးတာမို့ ကြက်သွန်နီလေးတွေကို ဇကာလေးထဲ ထည့်ပြီး လေသလပ်ခံထားလိုက်သေးတယ်။ သူများတွေ သုံးပြီးလို့ မီးဖို အားပြီလို့ ပြောတော့ ကျွန်မလည်း သမီးဆီချက်ကြော်တော့မယ်နော်လို့ ပြောပြီး ၀င်နေရာယူလိုက်သေးတယ်။
မီးဖိုပေါ်ကို ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာတော့ နနွင်းမှုန့်လေးထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီတွေ ကို ထည့်လိုက်တယ်။ ဖြည်းဖြည်းချင်းလည်း မွှေပေးနေလိုက်သေးတယ်။ စိတ်ထဲကလည်း အကြီးအေးရဲ့ ကြက်သွန်နီ ဆီချက်ကြော်တဲ့အခါ အရောင်လေးက ရွှေညိုရောင်လေးတွေ၊ အဲ့ဒီဆီချက်ဖတ်လေးတွေကို ဒီအတိုင်း ဆယ်စားရင်တောင် စားကောင်းတာ၊ ငါ ကြော်တဲ့အခါကျရင်လည်း အကြီးအေးကြော်သလိုပဲ ဖြစ်ရအောင် ရွှေညိုရောင်လေးဖြစ်တဲ့အခါကျရင် ဒယ်အိုးကို မီးဖိုပေါ်က ချလိုက်မယ်လို့ ဆုံးဖြတ်ပြီး ရွှေညိုရောင် မဖြစ်မချင်းကြော်တော့တာပေါ့။

အမေနဲ့ အဖွားက သမီးရေ့  ဆီချက်က တူးသွားဦးမယ်နော်၊ သေချာကြည့်ဦးလို့ လှမ်းသတိပေး တော့လည်း မရသေးဘူး အမေရဲ့  အကြီးအေး ကြော်သလို ရွှေညိုရောင် မဖြစ်သေးဘူးလို့ ပြန်ပြောရင်း ရွှေညိုရောင် မဖြစ်မချင်း ကြော်နေတော့တာ။ နောက်ဆုံးမှာတော့ ရွှေညိုရောင်မဟုတ်ဘဲ ဆီအပူရှိန်၊ အောက်က မီးအပူရှိန်နဲ့ ဆီချက်တစ်အိုးလုံး မည်းတူး၊ ညှော်နံ့တွေကလည်း တစ်အိမ်လုံးကို မွှန်ထူပြီးတော့ ပစ်လိုက်ရတဲ့ ဘ၀ ရောက်သွားပါတော့တယ်။ အဲ့ဒီနေ့ကစပြီး ကျွန်မရဲ့ ဘ၀မှာ စစချင်းချက်တဲ့ ဆီချက်ကြော်က ရာဇ၀င်တွင်သွားတော့တာပါရှင်။ အိမ်ကို ဧည့်သည်လာရင် အစ်ကိုက ကျွန်မ ပထမဆုံးကြော်ခဲ့တဲ့ ဆီချက်ကြော်ကို အားမနာတမ်း ငယ်ကျိုးငယ်နာဖော်ပါတယ်။ ငယ်သူငယ်ချင်းများ အလည်လာရင် ပိုဆိုးပါတယ်။

တကယ်တမ်း ဆီချက်ကြော်ရင် ဘယ်လိုကြော်ရမလဲ့  အဲ့ဒါလေးလည်း ပြောပြပါမယ်နော်။
ကြက်သွန်နီဆီချက်ကြော်တာကို အရင်ပြောပြပါမယ်နော်။
မီးဖိုပေါ်ကို ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ခပ်၊ ပြီးရင် ကြက်သွန်နီတွေကို ထည့်ပြီး မီး အသင့်အတင့်နဲ့ ကြော်ပါနော်။ ကြက်သွန်နီတွေကို အကျက်ညီအောင်ရော၊ မကျွမ်းသွားအောင်ရော သတိထား ပြီး မွှေပေးရပါမယ်။ စစချင်းမှာ ကြက်သွန်တွေက အစိုဓာတ်ရှိတာမို့ မွှေရတဲ့အခါမှာ သိပ်မသွက်ပါဘူး။ ကြက်သွန်ရဲ့အရောင် တဖြည်းဖြည်းနဲ့ အ၀ါရောင်ဘက်ကို လုလာပြီဆိုရင် မီးကို နည်းနည်း ထပ်လျှော့ပေးပြီး အဆက်မပြတ် မွှေပေးပါ။ အဲ့ဒီအချိန်မှာ မွှေရတာလေးက နည်းနည်းသွက်လာပါပြီ၊ ကြက်သွန်နီဖတ်လေး အချို့က ရွှေညိုရောင်သန်းပြီဆိုတာနဲ့ မီးဖိုမီးကို ပိတ်၊ ကြက်သွန်ကြော်ဖတ်လေးတွေကို ဆယ်ပြီး ပန်းကန်လုံး တစ်လုံးထဲ ထည့်လိုက်ပါ။ သူ့အပူရှိန်နဲ့ သူ ရွှေညိုရောင်ကို လုံးဝ ပြောင်းသွားပါလိမ့်မယ်။ ဒယ်အိုးထဲမှာရှိတဲ့ ဆီတွေကို အအေးခံ အေးပြီဆိုမှ ကြက်သွန်နီ ဆီချက်ကြော်နဲ့ ရောလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ အရောင် အဆင်းလည်းလှပပြီး အရသာလည်း ကောင်းမွန်တဲ့ ကြက်သွန်နီ ဆီချက်ကြော် ရပါပြီနော်။

ကြက်သွန်ဖြူဆီချက်ကြော်မယ်ဆိုရင်ကော့ 
ကြက်သွန်ဖြူကို ကြော်တဲ့အခါ အမျိုးမျိုးရှိပါတယ်၊ တချို့က ကြက်သွန်ဖြူ ဥတစ်လုံးကို ဓားပြားနဲ့ နာနာရိုက်ပြီးတော့ အခွံတွေပါ ထည့်ကြော်တာ၊ တစ်ချို့ကတော့ ကြက်သွန်ဖြူ အမွှာသေးလေးတွေကို အခွံနွှာ၊ ပြီးတော့ ပါးပါးလှီးပြီး ကြော်ကြတာ၊ တချို့ကတော့လည်း ကြက်သွန်ဖြူ အမွှာကြီးကြီးတွေကို မညက် တညက်လေး ထောင်းပြီး ကြော်ကြတာ။ အမျိုးမျိုးပေါ့လေ။ ကျွန်မကတော့ ကြက်သွန်ဖြူ အမွှာသေးလေးတွေ ကို ပါးပါးလှီးပြီး ကြော်တဲ့နည်းလေး ပြောပြမယ်နော်။ ကြက်သွန်ဖြူကို ဆီချက်ကြော်တဲ့အခါမှာ သတိထား ရမှာက ကြက်သွန်ဖြူကို လှီးတဲ့အချိန်မှာ အထူအပါးညီဖို့ပါပဲ၊ ထူတဲ့ဟာက ထူ၊ ပါးတဲ့ဟာက ပါးဆိုရင် မဖြစ်ချေ ဘူးလေနော်။

မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ထည့်၊ ပြီးရင် လှီးထားတဲ့ ကြက်သွန်ဖြူလေးတွေ ကို ထည့်ပြီး မီးကိုတော့ အသင့်အတင့်ထားပြီး ကြော်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူလေးတွေကို အကျက်ညီ အောင် သေချာမွှေပေးပါ။ ကြက်သွန်ဖြူလေးတွေ ရွှေဝါရောင်ဘက်ပြောင်းလာပြီဆိုရင် မွှေရတာလည်း သွက် လာပါမယ်။ မီးကို လျှော့ပစ်ပြီး ကြက်သွန်ဖြူလေးကို တစ်မိနစ်လောက် ဆက်တိုက် မွှေပေးပါ။ ပြီးရင်တော့ မီးကို ပိတ်ပြီး ဆီအပူနဲ့ ကြက်သွန်ဖြူ ရွှေညိုရောင်ဖြစ်သွားအောင် မွှေပေးပါ။ ရွှေညိုရောင် ပြောင်းပြီဆိုတာနဲ့ ကြက်သွန်ဖြူကြော်တွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲ သီးသန့်ထည့်ပေးပါ။ ဆီတွေကိုတော့ ဒယ်အိုးထဲမှာပဲ ထားပြီး အအေးခံလိုက်ပါ။ ပြီးမှ ကြက်သွန်ဖြူကြော်ကို ဆီချက်အရည်တွေနဲ့ ရောပေးလိုက်ပါနော်။ အဲ့ဒါ ဆိုရင်တော့ ကြက်သွန်ဖြူ ဆီချက်လေး ရပါပြီနော်။

နေ့စဉ် ထမင်းဝိုင်းမှာ အသုပ်တစ်ပွဲပါအောင် ထည့်စားရတာ ကြိုက်တယ်၊ မကြာခဏ ဆီချက်ကိုလည်း အသုံးလိုမယ်လို့ ထင်ရင်တော့ ကြက်သွန်ဖြူ ဆီချက်ကို ကြော်ပြီး ဆောင်ထားနိုင်ပါတယ်။ ကြက်သွန်နီဆီချက် ကျတော့ ဆီထဲမှာ ထားထားရင် ပျော့သွားတတ်လို့ပါနော်။ တကယ်လို့ ကြက်သွန်နီကြော်ကိုလည်း မပျော့ချင် ရင်တော့ ကြက်သွန်နီကြော်သီးသန့်၊ ဆီကို သီးသန့်ထားပြီး ဆောင်ထားနိုင်ပါတယ်။ အသုပ်ကြိုက်သူများ အတွက် ဆီချက်ချက်ရာမှာ အဆင်ပြေနိုင်ပါစေနော်။

အဲ့ဒီကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်တွေကို ဘာလာချောင်ကြော်၊ ငါးပိကြော်၊ အသားမွကြော်တွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်နော်။ ချစ်မောင်နှမများအားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေနော်။

Friday, August 21, 2009

ခွင့်ပန်ခြင်း

ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။

လုလု နေမကောင်းလို့ လာမယ့်ပိတ်ရက်အတွက် ဟင်းအစပ်ကို မတင်လိုက်နိုင်ဘူးဖြစ်နေပါတယ်။

နေကောင်းတာနဲ့တပြိုင်နက် မောင်နှမများကို ဟင်းအသစ်တွေ ထပ်ချက်ကျွေးပါမယ်နော်။

ခွင့်ပေးပါနော်။

Wednesday, August 19, 2009

ဆန်စေးအရည်ဖျော်


အားလုံးသော မောင်နှမများမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို ဆန်စေးခေါက်ဆွဲ အရည်ဖျော်လုပ်ကျွေးပါမယ်နော်။ ချက်နည်းကတော့ မြီးရှည်တို့ ရှမ်းခေါက်ဆွဲတို့ကို အရည်ဖျော် ချက်တဲ့နည်း နဲ့ ဆင်တူပါပဲနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်စေးခေါက်ဆွဲဖတ်၊ အသားကောင်းကောင်းဝက်သား၊ ၀က်နံရိုး၊ ခရမ်းချဉ်သီး၊ နာနတ်ပွင့်အနည်းငယ်၊ မြေပဲလှော် (မကြိုက်ရင်မထည့်ပါနဲ့)၊ နှမ်းလှော်၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ ဆား၊ သကြား၊ ငရုတ်သီးခွဲခြမ်း၊ တရုတ်နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ် မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ဟင်းရည်အတွက် ၀က်နံရိုးကို အရွယ်တော်လေးတွေဖြစ်အောင် တုံးပြီး ရေထည့်ပြီး မီးဖိုပေါ်တင်ပြီး တစ်ရည်ပွက်အောင် တည်ပြီး အဲ့ဒီတစ်ရည်ကို သွန်ပစ်လိုက်ပါ။ ပြီးတော့မှ ၀က်နံရိုးကို ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့နယ်၊ မီးဖိုပေါ် အိုးတင်ပြီးတော့ ဂျင်းအ၀ိုင်းလိုက်လှီးထည့်ပြီး ပထမလုံးရေလေးနဲ့ တစ်ရေ ခမ်းအောင်တည်ပါ။ ပထမတစ်ရည်ခမ်းပြီဆိုမှ နောက်ထပ် ဟင်းရည်အိုးထဲ ရေထပ်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူပြီး နံရိုးနူးတဲ့အထိ တည်ပေးပါ။ နံရိုးနူးလောက်ပြီဆိုမှ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ မီးအသင့်အတင့်နဲ့ ဟင်းရည်အိုးကို ဆူအောင် တည်ပေးထားပါ။ ကြိုက်တတ်ရင်တော့ ဟင်းရည်အိုးထဲကို တရုတ်နံနံပင်အရိုးလေးတွေ ထုထည့်ပေးပါဦးနော်။

အသားဟင်းအတွက် ၀က်သားကို ရွေးပါတယ်။ ၀က်သားကို အဆီအခေါက်မပါ၊ အသားချည်းသပ်သပ် တောက်တောက်စင်းပြီး ဆား၊ အချိုမှုန့်၊ သကြား၊ ချင်းနုပ်နုပ်စင်းတို့နဲ့ ရောနယ်ပါ။ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးကို ထောင်းပါ။ ခရမ်းချဉ်သီးပါးပါးလှီးပြီး နုပ်နုပ်စင်းပါ။ အဆင်သင့် ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးကို ထည့်ပြီး ဆီသတ်၊ နာနတ်ပွင့်လေး နှစ်ဖတ်လောက်ထည့်ပြီး မွှေပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်တက်လာပြီဆိုရင် တော့ နုတ်နုတ်စင်းထားတဲ့ အသားလေးတွေထည့်ပြီး မွှေပါ။ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် နှစ်မျိုးလုံးထည့်ပါ။ ငံပြာရည်နည်းနည်းလောက်ထည့်ပါ။ ရေနည်းနည်းလောက်ထည့်၊ ခဏတည်ထားပြီး အသားလည်း နူး၊ ဆီလည်းပြန်လာပြီဆိုလျှင် ဟင်းအနှစ်ကျက်ပါပြီ။

တခြား မရှိမဖြစ် လိုအပ်တဲ့ အဆာပလာတွေကတော့ မြေပဲလှော်ကို အခွံနွှာပြီး မညက်တညက်လေး ထောင်းထားပေးပါ။ နှမ်းစေ့ကိုလည်း လှော်ပေးထားပါနော်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ကြော်၊ ဆီချက်ရပြီဆိုရင် ပန်းကန်လုံးထဲ ပြောင်းထည့်၊ ပြီးတော့မှ ငရုတ်သီးခွဲခြမ်းမှုန့်ကို ဆီထဲ လှိမ့်ပြီး ငရုတ်သီးကြော်လေးလုပ်၊ အရမ်းမတူးခင်မှာ အမြန်ချလိုက်နော်။ ပဲငံပြာရည် အပျစ်ကို ပန်းကန်လုံးထဲထည့်၊ ပြီးတော့ဟင်းချိုရည်လေး နည်းနည်းနဲ့ စပ်ထားပါ။ကြက်သွန်မြိတ်၊ နံနံပင် ပါးပါးလှီးထားပါ။

စားပွဲပြင်ခါနီးတဲ့အခါ စကာလေးထဲကို ဆန်စေးဖတ်ထည့်၊ ပြီးတော့မှ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုရည်အိုးထဲ ထည့်ပြီး တူနဲ့ မြီးရှည်ဖတ်တွေကို ဟိုဘက်ဒီဘက်လှည့်ပေးပါနော်။ ဆန်စေးဖတ်အိပြီ ဆိုရင်တော့ ရေစစ်ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ထည့်ပါနော်။

စားပွဲပြင်မယ်ဆိုရင် မုန့်ဖတ်လေးထည့်၊ ဟင်းရည်ပူပူလေးကိုထည့်၊ ၀က်နံရိုးနူးအိအိလေးပါအောင် ခပ်ထည့် ပါနော်။ ပြီးတော့အသားဟင်းထည့်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးကြော်လေးထည့်ပြီး စားရုံပဲနော်။ ဟင်းရည်ပူပူလေးကို ပန်းကန်လုံးလေးထဲ ထည့်၊ ပြီးတော့မှ ငရုတ်ကောင်းမှုန့်လေးခပ်၊ ကြက်သွန်မြိတ်လေးဖြူးပြီး မုန်ညင်းချဉ်နဲ့ တွဲဖက်စားသုံးပါနော်။ အားပေးကြပါဦး နော်။

ပိတ်ရက်မှာ မိသားစုတွေစုံလို့ တစ်ခုခု လုပ်စားချင်ရင်ပဲ ဖြစ်ဖြစ်၊ ထမင်းစားချင်စိတ်မရှိဘဲ ခံတွင်းပျက်နေတဲ့အခါပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုံလို့ မုန့်တစ်ခုခုလုပ်စားမယ်ဆိုတဲ့ အခါပဲဖြစ်ဖြစ် အလွယ်တကူနဲ့ စားလို့မြိန်စေမယ့် ရှမ်းအစားအစာလေးတစ်မျိုးပါနော်။
ဆန်စေးခေါက်ဆွဲဖတ်အတွက် မေးလာလို့ နောက်ထပ်ဖြည့်ပေးလိုက်ပါတယ်နော်။ ကျွန်မက မြန်မာမှာနေပြီး လွယ်လွယ်လေး ရေးလိုက်ပေမယ့် ပြည်ပရောက် မောင်နှမတွေအတွက် အနီးစပ်ဆုံး အဆင်ပြေမယ့် ဆန်ခေါက်ဆွဲဖတ်ကို ရှာပေးလိုက်ပါတယ်နော်။ http://whoisbaby.net/blog/wp-content/uploads/2007/11/charkoayteow1.jpg အဲ့ဒီမှာ ကြည့်ကြည့်ပါနော်။ ဒါပေမယ့် သူက သိပ်တော့ စေးမယ်မထင်ဘူးနော်။
နောက်တစ်ခုကတော့ ကွေ့သရိုဖတ်ကို ကိုယ်တိုင်လုပ်တာကို ပြထားတဲ့လင့်ခ်လေးပါ။ http://hungerhunger.blogspot.com/2009/01/flat-rice-noodles.html အဆင်ပြေသလို လုပ်ကြည့်ကြပါဦးနော်။
သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တော့ ဗီယက်နမ်က လာတဲ့ ဆန်ပြားခေါက်ဆွဲထုပ်ကိုလည်း သုံးလို့ရမယ်လို့ထင်တယ်တဲ့။ စေးမစေးတော့ အာမ မခံပါဘူးတဲ့။ အဆင်ပြေကြပါစေနော်။

Friday, August 14, 2009

မွေးနေ့ အမှတ်တရ






မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့ ကျွန်မ ၃၅ နှစ်ပြည့်မွေးနေ့ပါ။ မွေးနေ့မှာ ရုံးက လုပ်ဖော် ကိုင်ဖက်တွေကို တစ်ခုခု လုပ်ကျွေးမယ်ဆိုပြီး အချိန်ကလည်း သိပ်မရတာမို့ အချိန်ယူပြီးချက်ပြုတ်ရတဲ့အစား အစာမျိုးမဟုတ်ဘဲ ချက်ပြုတ်ရ လွယ်ကူပြီး စားလို့လည်း မြိန်စေမယ့် ပုန်းရည်ကြီးထမင်းသုပ်လေးပဲ လုပ်ကျွေး ဖြစ်ခဲ့ပါတယ်နော်။ အရည်သောက်လေးကတော့ ဗူးသီးနဲ့ ကြာဇံဟင်းခါးလေးပေါ့နော်။ အချိုပွဲကတော့ ဆားငန်သီးကျောက်ကျောနဲ့ လက်ဘက်သုပ်လေးပေါ့နော်။

ပုန်းရည်ကြီးထမင်းသုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ (လူအယောက် ၂၅) စာအတွက် ပုန်းရည်ကြီး အနှစ်ထုပ် ၂ဝ ထုပ်၊ ဆန် တစ်ပြည်ကို ချက်ထားတဲ့ထမင်း၊ ဘဲဥအလုံး ၂၅၊ ကြက်သွန်ဖြူဆီချက်ကြော်၊ နှမ်းဆီ၊ ဆား၊ အချိုမှုန့်၊ ပုစွန်ခြောက်မှုန့်၊ မန်ကျည်းနှစ် ခပ်ပျစ်ပျစ်တို့ပါနော်။

အသီးအရွက်အနေနဲ့ကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဂျူးမြစ်၊ မုန်လာဥနီနဲ့ ပင်စိမ်းတို့ပါနော်။

ပုန်းရည်ကြီးအနှစ်တွေကို ဇလုံတစ်လုံးထဲ ဖောက်ထည့်ပြီး ရေနွေးလက်ဘက်ရည်ပန်းကန်လုံး တစ်လုံး ထည့်ပါတယ်။ ပြီးတော့ ဆားနဲ့ ဟင်းချိုမှုန့်ကို ထည့်ပြီး အားလုံးသမအောင် မွှေပေးပါတယ်။ ပြီးတော့မှ နှမ်းဆီ ၂၅ ကျပ်သားကို ထည့်ပြီး အားလုံး သမအောင်မွှေပြီး နှပ်ထားလိုက်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းဖြင့် ပုန်းရည်ကြီးတွေက ခပ်ပျစ်ပျစ် အရည်လေးတွေလို ဖြစ်သွားပြီး ထမင်းနဲ့ နယ်လို့အဆင်ပြေစေမှာဖြစ်ပါတယ်။

ဘဲဥတွေကိုတော့ ဟတ်ဖရိုက်ကြော်ပါတယ်။ ပြီးတော့ ကြက်သွန်ဖြူဆီချက် ထပ်ကြော်ထားပါတယ်။ အသီးအရွက်အနေနဲ့ ထည့်စားဖို့အတွက် ဂျူးမြစ်ကို ရေများများနဲ့ သေချာဆေးပြီး ရေစိမ်ထားပါတယ်။ ပြီးတော့မှ ခေါင်းဖြတ်၊ အမြစ်တွေကို ကပ်ကျေးလေးနဲ့ သေချာဖြတ်ပြီးတော့မှ ရေထပ်ဆေးပါတယ်။ ပြီးရင် ပင်စိမ်းရွက်ကို သဲတွေစင်အောင် သေချာ ရေနဲ့ ဆေးပါတယ်။ ပြီးတော့မှ အညွန့် အရွက်လေးတွေကို တစ်လုပ်စာ အရွယ်လေးတွေ ရအောင် ဖြတ်ထားပါတယ်။ မုန်လာဥနီကိုလည်း ရေဆေး၊ အခွံနွှာပြီး အပွင့်ဖော်တဲ့ဟာကို ဖော်ပါတယ်။ အရှည်လိုက်လေးတွေလည်း ဖြတ်ထားပါတယ်။ ကြက်သွန်ဖြူကို အခွံနွှာ၊ ရေဆေးပြီး ရေစစ်ထားပါတယ်။ ကြက်သွန်နီကိုတော့ အခွံနွှာ ရေဆေးပြီးတော့ အကွင်းလိုက် လှီးထားပါတယ်။ ငရုတ်သီးစိမ်းကိုလည်း အညှာချွေ၊ ရေဆေးပြီးတော့ ခပ်ပါးပါးလေးတွေ ဖြစ်အောင် ညှပ်ထားပါတယ်။ မန်ကျည်းသီးမှည့်ကိုလည်း ရေနွေးနဲ့ ခပ်ပျစ်ပျစ် ဖျော်ထားပေးပါတယ်။

အားလုံး အသင့်ဖြစ်ပြီ ဆိုရင်တော့ ထမင်းတွေကို အသာအယာဖွယူပြီး ပန်းကန်ကြီးကြီးတစ်ချပ်ထဲ ထည့်ပါတယ်။ ပြီးတော့ ပုန်းရည်ကြီး၊ ဆား၊ ပုစွန်ခြောက်မှုန့်၊ မန်ကျည်းနှစ်၊ လှီးထားတဲ့ ငရုတ်သီးစိမ်း၊ ဟင်းချိုမှုန့်၊ နှမ်းဆီနဲ့ ကြက်သွန်ဖြူဆီချက်တို့ကို ထည့်ပြီး အားလုံး သမအောင် နယ်ပေးပါတယ်။ အရသာကတော့ ကိုယ့်စိတ်ကြိုက်ပေါ့နော်။(ချဉ်ငံစပ်လား၊ အဆိမ့်သုပ်လား၊ မိမိစိတ်ကြိုက် ထည့်ပါနော်)

အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပုန်းရည်ကြီး ထမင်းသုပ်လေး ရပါပြီနော်။ ပြီးရင်တော့ အသုပ်ကို ပန်းကန်လေးတစ်ချပ်ထဲထည့်၊ ပြီးတော့ ဘဲဥကြော်ကတော့ ကိုတာစနစ်ပဲနော်၊ တစ်ယောက်တစ်လုံး၊ အသီးအရွက်ကတော့ စိတ်ကြိုက်သာထည့်စား။ အရမ်းလိုက်ဖက်တယ်နော်။ ဂျူးမြစ်လေးက တကျွတ်ကျွတ်၊ ပင်စိမ်းလေးက ရှိန်းရှိန်းမွှေးမွှေးလေး၊ မုန်လာဥနီလေးက ချိုချိုလေးနဲ့ အရမ်းကို အရသာပြည့်စုံလှတဲ့အပြင် အသီးအရွက်တွေလည်း စုံလင်လှတဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်နော်။

ဟင်းခါးအတွက်ကတော့ ဗူးသီးဟင်းခါးထဲကို ကြာဇံလေးခပ်ထားတဲ့ ဟင်းခါးလေးပါနော်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဗူးသီး၊ ပုစွန်ခြောက်၊ ကြာဇံ၊ ငါးပိစိမ်းစားအနည်းငယ်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ပါနော်။ ဗူးသီးကို အခွံနွှာ၊ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါတယ်။ ကြာဇံကို ရေစိမ်ထားပါ၊ ပြီးရင် လေးလက်မ အရှည်လောက် ရအောင် ဖြတ်ထားပေးပါ။ ပုစွန်ခြောက် လက်တစ်ဆုပ်ကို မညက်တညက်ထောင်းပါတယ်၊ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါတယ်။ အားလုံးအသင့်ဖြစ်ပြီဆိုရင် အိုးတစ်လုံးထဲ ရေထည့်၊ ပုစွန်ခြောက်မှုန့်၊ ငါးပိစိမ်းစား၊ ဆား၊ ကြက်သားမှုန့်တို့ ထည့်ပြီး မီးဖိုပေါ်တင်ပြီး ဆူအောင်တည်ပါနော်။ ဟင်းခါးရည် ပွက်ပွက်ဆူလာပြီဆိုရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ပွက်ပွက်ဆူပြီး ဟင်းရည်နည်းနည်းကျအောင် တည်ပေးပါ။ ပြီးရင် ဗူးသီးနဲ့ ကြာဇံကိုထည့်၊ ဟင်းအိုးအဖုံးအုပ်ပြီး တည်ပေးပါ။ ဟင်းအိုး ပွက်ပွက်ဆူလာရင် ငရုတ်ကောင်းမှုန့်လေး ခပ်လိုက်ပြီး အရသာ အပေါ့အငံကိုမြည်း၊ လိုအပ်တဲ့အရသာကို ထပ်ဖြည့်ပြီး ဟင်းအိုးကို မီးဖိုပေါ်ကနေ ချလိုက်ပါနော်။ အဲ့ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဗူးသီးဟင်းခါးခါး ပူပူလေး ရပါပြီနော်။

အချိုပွဲအတွက်ကတော့ ဆားငန်သီး ကျောက်ကျောလေးပေါ့နော်။ အာဂါးကျောက်ကျော အပြာရောင် အထုပ်ကို သုံးထားပါတယ်။ ကျောက်ကျော (၁) ထုပ်ကို သကြား ၂ဝ ကျပ်သား၊ ဆားငန်သီးအနှစ် လက်ဘက်ရည် ပန်းကန်လုံး တစ်လုံးခွဲ၊ ရေသန့် တစ်လီတာခွဲတို့ ထည့်ပြီး ကျိုပါတယ်နော်။ ၂၅ မိနစ် လောက်ပဲ အချိန်ကြာပါတယ်နော်။ ကျောက်ကျောကို မလှီးရဘဲ တစ်လုပ်စာလေးတွေ အသင့်ဖြစ်ရအောင် ပုံစံခွက်လေးထဲ ထည့်ပြီး ခဲပါတယ်နော်။ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ဆို ကောင်းကောင်းခဲပါပြီနော်။ ဒါကတော့ အအီပြေ ကျောက်ကျောလေးပေါ့နော်။

နောက်ဆုံးပိတ်ကတော့ မြန်မာ့ရိုးရာ အစားအစာထဲမှာ သူမပါရင် မပြီးတဲ့ ပွဲတိုင်းကျော် လက်ဘက်နှပ်လေးပါနော်။ ဒီတစ်ခါတော့ ချင်း(ဂျင်း)အချဉ်နှပ်လေးကိုပါ ထည့်ပေးထားတယ်နော်။

ကျွန်မချစ်သော မောင်နှမများ၊ ကျွန်မနဲ့ အနေနီးကပ်စွာ မနေရပေမယ့် ကျွန်မမွေးနေ့မှာ မောင်နှမအားလုံးကို ကျွေးချင်ပါတယ်။ အပြင်မှာ တွေ့ဖို့ ခက်ခဲနေတာကြောင့် ဘလော့ဂ်ကနေပဲ ကျွန်မရဲ့ မောင်နှမများအားလုံးကို စေတနာအပြည့်နဲ့ ကျွေးလိုက်ပါတယ်နော်။

မွေးနေ့ ဆုတောင်းပေးတဲ့ ၀ိုင်းတော်သားများအားလုံး၊ ကျွန်မမွေးနေ့ အတွက် ဆုမွန်ကောင်းတွေ ချွေပေးကြတဲ့ ချစ်သော မောင်နှမများအားလုံးကို ကျွန်မအထူးကျေးဇူးတင်ပါတယ်နော်။ တကယ့်ကို လှိုက်လှိုက် လှဲလှဲကြီး ကြည်နူးရတာပါ။ ၀မ်းနည်းဝမ်းသာ ဖြစ်ရတယ်။ အပြင်မှာ တကယ့်ကို တွေ့ကြရရင် သိပ်ကောင်းမှာပဲနော်။ ချစ်သော မောင်နှမများ အားလုံးလည်း ကျန်းမာ ပျော်ရွှင်ကြပါစေနော်။

အဲ့  မေ့လို့  ထမင်းသုပ်ပန်းကန်နဲ့ ဟင်းချိုပန်းကန်လေးက လုလု မတ်လတုန်းက ဂျပန်သွားတုန်းက မမဝါ က အမှတ်တရ လက်ဆောင်ပေးထားတာ။ ကြုံတုန်းကြွားတာပါနော်။ ဆရာတစ်ယောက်က ပြောတယ်။ သမီးရဲ့ recipe ကို နာမည် ဘယ်လိုပေးမလဲတဲ့။ အားလုံးက ၀ိုင်းစဉ်းစားပေးကြပါတယ်။ ကိုရီးယားပဲခေါက်ဆွဲကို ကျာကျာမြောင်လို့ခေါ်တယ်တဲ့။ အခု recipe ကို လာလာပြောင်တဲ့လေ။ လာသမျှ အကုန်ပြောင်အောင် စားကြလို့တဲ့လေ။ တော်တော်နောက်ကြတယ်နော်။

Happy birthday


Happy Birthday to our sister Ma Ma Lu.
You're not 35; you're 18 with 17 years of experience.
:D


From Wyne Taw Tar myar and Mon

Thursday, August 13, 2009

ဘာချက်စားကြရင်ကောင်းမလဲ





ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါနော်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေ ပိတ်ရက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေ ဆုံပြီး ထမင်းဟင်းစုချက်စားရဖို့ ဟင်းစပ်လေးတစ်မျိုးပေးပါဦးမယ်နော်။
ကဏန်းချဉ်စပ်၊ ဆူးပုတ်ဘဲဥကြော်၊ ပင်စိမ်းဟင်းခါးလေးနဲ့ ငါးပိတို့စရာလေးပေါ့နော်။

ကဏန်းဟင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကဏန်း အကောင် 25၊ ကြက်သွန်ဖြူ ဥတစ်လုံး 15 လုံး၊ ကြက်သွန်နီ အလုံးလတ် 10 လုံး၊ ငရုတ်သီးအပုပွတောင့်၊ ငရုတ်စိမ်း၊ နနွင်းမှုန့်၊ နံနံပင်၊ ဆား၊ ငံပြာရည်၊ မန်ကျည်းမှည့်အနှစ်၊ မာဆလာ၊ သကြားအနည်းငယ်နဲ့ ဆီတို့ပါနော်။

ကဏန်းဝယ်တာ အကောင်ကြီးမရဘူး၊ အကောင်အရွယ်လတ်ကလေးတွေပဲ၊ ဒါပေမယ့် အဆီတွေနဲ့ ဥတွေနဲ့ ဆိုတော့လည်းဝယ်လိုက်တယ်။ ဒါပေမယ့် ကဏန်းက အရှင်ပဲရောင်းတာဆိုတော့ ပါဏာတိပါတာဒဏ် ကိုယ် မခံရလေအောင် ဈေးသယ်ကို ကိုယ်ဝယ်မယ့်အကောင်လေးတွေကို ရွေးခိုင်းပြီး တစ်ခါတည်း ကိုင်ခိုင်းခဲ့ ပါတယ်။ နောက်မဟုတ်ရင် အိမ်ကအမေက ကဏန်းဆိုအရှင်ဝယ်ရတာမို့ သူများအသက်သတ်တယ်ဆိုပြီး ၀ယ်မချက်ခိုင်းပါဘူး။
ကဏန်းကို သေချာသန့်စင်အောင် ရေဆေးပြီး ဆားလေးနဲ့ နယ်ထားပါတယ်နော်။ ပြီးတော့ ကြက်သွန်ဖြူနီတို့ကို နွှာထားပြီး ငရုတ်သီးအပုပွတောင့်နဲ့ ရောပြီးထောင်းပါတယ်နော်။ ငရုတ်သီးစိမ်းလေးရယ်၊ နံနံပင်လေးရယ် အသင့်ပြင်ထားပါတယ်။ မန်ကျည်းသီးမှည့်ကို ရေနွေးလေးနဲ့ ဖျော်ပေးထားပါနော်။

အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ နနွင်းမှုန့်လေးထည့်၊ ဆီပူလာရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင် ဂဏန်းတွေကို ထည့်ပြီး ငရုတ်သီးကြက်သွန်အနှစ်တွေနဲ့ သမအောင် မွှေပါတယ်။ ပြီးရင် ဒယ်အိုးဖုံးခဏလောက်အုပ်ပြီး ထားပေးပါနော်။ နှစ်မိနစ်လောက်နေရင် ဒယ်အိုးဖုံးဖွင့်ပြီး ငံပြာရည်အနည်းငယ်ရယ်၊ သကြားလေးအနည်း ငယ်ရယ်၊ မန်ကျည်းနှစ်တွေရယ်၊ ပြီးတော့ ရေနွေးတွေကို ကဏန်းမြုပ်တဲ့အထိ ထည့်ပြီး ဟင်းအိုး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးဆူပြီဆိုရင် အပေါ့အငံကို မြည်းပြီး လိုတဲ့အရသာ ထပ်ဖြည့်၊ မာဆလာလေး နည်းနည်းအုပ်လိုက်ပါ။ ပြီးတော့ ဟင်းအိုးကို အရည်နည်းနည်းကျအောင် နှစ်မိနစ်လောက် ထပ်တည်၊ ပြီးရင် ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်လိုက်ပါနော်။ ဒါဆိုရင်တော့ ကဏန်းချဉ်စပ်ဟင်းလေး ရပါပြီနော်။ (အချဉ်၊ အငံ၊ အစပ် အရသာများကို မိမိစိတ်ကြိုက် ထည့်ပြီး ချက်နိုင်ပါတယ်နော်)။

ဆူးပုပ်ဘဲဥကြော်အတွက်ကတော့ ဆူးပုပ်ရွက်နုလေးတွေကို ရေဆေးပြီးတော့မှ အရွက်လေးတွေ သင်ပေးထားပါ။ ပြီးရင် ကြက်သွန်ဖြူ သုံးဥလောက် ဓားပြားရိုက်၊ ကြက်သွန်နီ အလုံးသေး တစ်လုံးလောက် အခွံနွှာ လေးစိတ်ထိုးထား၊ ဘဲဥလေး နှစ်လုံးလောက် အသင့်ပြင်ထားပါ။ ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီလေးထည့်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ဆူးပုပ်ရွက်လေးထည့်၊ ပြီးရင် ဆားနဲ့ ကြက်သားမှုန့်လေးထည့်ပြီး အားလုံးသမအောင်မွှေ၊ ဆူးပုပ်ရွက်လေး အိအိလေးဖြစ်ရအောင် ရေနွေးလေး နည်းနည်းပက်လိုက်၊ ပြီးတော့ ခဏလေး အဖုံးအုပ်ထား၊ အရွက်အိလောက်ပြီဖြစ်ရင်တော့ အဖုံးဖွင့် ဘဲဥကို ခွပ်ဆို ခလယ်ကခွဲပြီး ဒယ်အိုးထဲထည့်ပြီး အရွက်တွေနဲ့ ထည့်မွှေ၊ အပေါ့အငံအရသာကိုမြည်းပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင် မီးပိတ်၊ မီးဖိုပေါ်ကနေ ဒယ်အိုးကို ချလိုက်ရုံပဲနော်။ အဲ့ဒါဆိုရင်တော့ ဆူးပုပ်ဘဲဥကြော် လေး ရပြီနော်။ (ဆူးပုပ်ရွက်ကို အနံ့မကြိုက်တဲ့ မောင်နှမများအနေနဲ့ တခြား ဟင်းသီးဟင်းရွက်ကြော် တစ်ပွဲ ထည့်ကြော်ပါနော်)

ငါးပိရည်ကိုတော့ ငရုတ်သီးစိမ်းလေးကို မီးသင်းထားတာရယ်၊ ကြက်သွန်ဖြူမီးအုံးလေးရယ်၊ ပုစွန်ခြောက်လေးရယ် ထောင်းပြီး ရောဖျော်ထားတယ်။ တို့စရာကတော့ ပေါက်ပန်းဖြူရွက်ကို မန်ကျည်းသီးမှည့်နဲ့ ပြုတ်ထားတာရယ်၊ ခရမ်းကြွတ်သီးရယ်၊ တညင်းသီးဆားရည်စိမ်ရယ်ပေါ့နော်။

အရည်သောက်ကတော့ ကမန်းကတန်းဟင်းခါးပဲ။ အိုးတစ်လုံးထဲ ရေနွေးထည့်တည်၊ ပွက်ပွက်ဆူလာရင် ပုစွန်ခြောက်လေး မညက်တညက်ထောင်းထည့်၊ ကြက်သွန်ဖြူဓားပြားရိုက်လေးထည့်ပြီး အရည်ကျအောင် တည်ထား၊ ဆား၊ ငံပြာရည်လေးရယ်၊ ကြက်သားမှုန့်လေးရယ်ထည့်၊ ပွက်ပွက်ဆူလာပြီဆိုရင် ခြံစည်းရိုးမှာစိုက်ထားတဲ့ ပင်စိမ်းရွက်လေးတွေ ခူးလိုက်၊ ရေလေးစင်အောင်ဆေးပြီး ခပ်လိုက်တာပဲ။ ပင်စိမ်းနံ့ မွှေးမွှေးလေးနဲ့ ကမန်းကတန်းဟင်းခါးလေးပါနော်။

ဒါဆိုရင်တော့ လာမယ့်ပိတ်ရက်မှာ မောင်နှမတွေ သူငယ်ချင်းတွေအစုံအလင်နဲ့ အရသာပေါင်းစုံလင်စွာနဲ့ ပျော်ရွှင်စွာ ချက်ပြုတ်စားသောက်ကြပါဦးနော်။